Wednesday 7 December 2011

မြန်မာနိုင်ငံ၏ ပထမဦးဆုံး လေအားလျှပ်စစ် စီမံကိန်းမှ မဂ္ဂါဝပ် ၁၀၀၀ ထုတ်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ် သုံးခုတွင် စတင် သုံးစွဲမည်



မဂ္ဂါဝပ် ၁၀၀၀ ထုတ်လုပ်နိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး လေအားလျှပ်စစ် စီမံကိန်းအား တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဆောင်ရွက် အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း  အဆိုပါ လေအားလျှပ်စစ် စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်မည့် Zayar Associates ကုမ္ပဏီမှ ဦးဇေယျ၏ ပြောပြချက်အရ သိရသည်။ အထက်ပါ မြန်မာ့ ပထမဦးဆုံး လေအားလျှပ်စစ် စီမံကိန်းအား မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကာ၊ ထိုင်းနိုင်ငံမှ အရင်းအနှီးနှင့် နည်းပညာများ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် လေအားလျှပ်စစ်မှ မဂ္ဂါဝပ် ၁၀၀၀ ထုတ်ရန် ရည်ရွယ်ထားသော်လည်း၊ ထုတ်လုပ်နိုင်မှုပေါ် မူတည်ကာ မဂ္ဂါဝပ် ၂၀၀၀ အထိ ထုတ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ လေအားလျှပ်စစ် စီမံကိန်းအား စမ်းသပ် ဆောင်ရွက်ရန် မြေနေရာ ရွေးချယ်မှုတွင် မြန်မာနိုင်ငံတွင် လေတိုက်နှုန်း အများဆုံး ဖြစ်သည့် အထက်ပါ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့အား ရွေးချယ်နေခြင်း ဖြစ်ကြောင်း ဆက်လက် သိရသည်။“အခု ကျွန်တော်တို့နဲ့ လုပ်မယ့် ထိုင်းကုမ္ပဏီက အရင်က နေရောင်ကနေ လျှပ်စစ်ထုတ်တယ်၊ လေအားကနေ လျှပ်စစ်ဓာတ် ထုတ်တယ်၊ အရင်ကတော့ လေအားလျှပ်စစ်ထုတ်ရင် ၅၀ မီတာပါစက္ကန့်နှုန်း တိုက်မှ ထုတ်လို့ရတယ်၊ အခုကျတော့ နည်းပညာ မြင့်လာတော့ ၆ မီတာပါစက္ကန့်နှုန်းနဲ့ ထပ်ထုတ်လို့ရပြီဆိုတော့ မြန်မာနိုင်ငံရဲ့ Introduce လုပ်ပေးတဲ့ သဘောပါ” ဟု ယင်း လေအားလျှပ်စစ် စီမံကိန်းအား ထိုင်းကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်မည့် Zaya & associates မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ လေအားလျှပ်စစ် စီမံကိန်းအား ယခု စတင် ဆောင်ရွက်နေပြီ ဖြစ်ကာ၊ စမ်းသပ်ဆောင်ရွက်မှု ကာလ နှစ်နှစ်အတွင်း အကောင်အထည်ပေါ် အောင်မြင်လာပါက မြန်မာနိုင်ငံတွင် အပြင် ပြည်ပ နိုင်ငံများ အထိ ရောင်းချရန် ရည်ရွယ်ထားကြောင်း သိရသည်။ “ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိနိုင်ဘူး၊ နွေ၊ မိုး၊ ဆောင်း လေတိုက်နှုန်းတွေကို တွက်ချက်ပြီး ဆောင်ရွက်ထားပါတယ်။ တိုင်းပြည်အတွက် အင်မတန်ကောင်းတဲ့ Project” ဟု လေအားလျှပ်စစ် ထုတ်လုပ်မှုဆိုင်ရာ ပညာရှင် တစ်ဦးက ပြောသည်။ ပွင့်လန်းလာသည့် နိုင်ငံရေး အခင်းအကျင်းနှင့်အတူ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ပြောင်းလဲလာသည့်အခါ ဝင်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများနှင့် ထပ်မံ ပေါ်ထွက်လာမည့် SEZ (Special Economic Zone) များအတွက် ရည်ရွယ်ကြောင်း သိရသည်။

No comments: